အိပ်ရေးပျက်တဲ့ဒဏ်ကို ဘယ်အသက်အရွယ်မှာ စပြီးခံစားရနိုင်လဲ
အိပ်ရေးပျက်ခြင်း (Sleep Deprivation) ဆိုတာ လူတစ်ယောက် တစ်နေ့တာမှာ လိုအပ်တဲ့၊ သတ်မှတ်ထားတဲ့ ညအိပ်ချိန်ထက် လျော့နည်းတာကို ဆိုလိုတာဖြစ်ပါတယ်။ အိပ်ချိန်ဟာ အသက်အရွယ်မရွေး လူတိုင်းအတွက် အရေးပါတဲ့အချက်ဖြစ်ပေမယ့် လူအများစုက အိပ်ချိန်ကို မေ့လျော့နေတတ်ကြသလို၊ သိပ်ပြီး ဂရုမစိုက်ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် အသက်ငယ်သူတွေမှာ အကြောင်းအမျိုးမျိုးကြောင့် လိုတာထက် အိပ်ချိန်ပိုနည်းတတ်လာကြပါတယ်။
အိပ်ရေးပျက်ခြင်းမှာ ယာယီ (Acute) နဲ့ ရေရှည် (Chronic) ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ယာယီအိပ်ရေးပျက်ခြင်းရဲ့ ဒဏ်ကို ရက်အနည်းငယ်အတွင်း သိနိုင်ပေမယ့် ရေရှည်အိပ်ရေးပျက်ခြင်းရဲ့ ဒဏ်ကိုတော့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ၊ အသက် (၃၀) နောက်ပိုင်းမှာ ပိုပြီး သိလာကြပါတယ်။
ယာယီအိပ်ရေးပျက်ခြင်းရဲ့ ဒဏ်ကို အိပ်ရေးပျက်ပြီး (၂၄) နာရီနောက်ပိုင်းမှာ စတင်ခံစားလာရတတ်ပြီး ဒီလက္ခဏာတွေထဲမှာ
- စဉ်းစားတွေးခေါ်နိုင်မှု နှေးကွေးလာခြင်း
- ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေမှုအပေါ် သတိမထားနိုင်တော့ခြင်း
- မှတ်ဉာဏ်ချို့ယွင်းလာခြင်း
- ဆုံးဖြတ်ချက် မှားယွင်းလာခြင်း
- အားအင်မရှိဘဲ နုန်းခွေနေခြင်း
- အစာစားချင်စိတ် မရှိဘဲ ဗိုက်ထဲ မအီမသာဖြစ်နေခြင်း
- စိတ်ဆိုးစိတ်ဆတ်လွယ်ခြင်း
- မျက်စိများ မှုန်လာခြင်း စတာတွေ ပါဝင်ပါတယ်။
ရေရှည်အိပ်ရေးပျက်ခြင်းရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ စပြီး သတိထားမိလာမှာပါ။ ဒီအသက်အရွယ်ကာလရောက်လာတဲ့အခါ ခန္ဓာကိုယ်က အိပ်ရေးပျက်တဲ့ဒဏ်ကို တော်တော်လေး ခံလာရတဲ့အတွက် ကျန်းမာရေး၊ ကိုယ်ခံအားစနစ်တွေပါ ကျဆင်းလာသလို ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုအားပါ ထိခိုက်လာပါတယ်။ ဒီပြဿနာတွေထဲမှာ
၁။ နှလုံးနဲ့ ဆက်စပ်ရောဂါများဖြစ်တဲ့ သွေးတိုးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါများ၊ နှလုံးရပ်ခြင်း၊ သတိလစ်ခြင်း၊ တက်သွားခြင်း စတာတွေ ဖြစ်လာနိုင်တယ်။
၂။ အိပ်ရေးပျက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိမှု လုပ်ဆောင်ချက်ကို အဟန့်အတားဖြစ်စေတဲ့အတွက် ဆီးချိုရောဂါ ဖြစ်လာနိုင်တယ်။
၃။ အိပ်ရေးပျက်တဲ့သူတွေဟာ ညသန်းခေါင်တွေမှာ ကယ်လိုရီ၊ အဆီ၊ အချိုဓာတ်များတဲ့ အစားအစာတွေကို ပိုပြီးစားတတ်ကြသလို အစာခြေစနစ်ကလည်း ညဘက်မှာ ကောင်းစွာအလုပ်မလုပ်နိုင်တဲ့အတွက် ခန္ဓာကိုယ်တွင်း အဆီတွေ စုဝေးပြီး အဝလွန်လာနိုင်ပါတယ်။
၄။ အိပ်ရေးပျက်တဲ့သူတွေရဲ့ ကိုယ်ခံအားစနစ်ဟာ ထိခိုက်အားနည်းနေတတ်တဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူ ဝင်လာနိုင်ပြီး ရောဂါဖြစ်လွယ်သလို၊ ကိုယ်ခံအားဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ ရောဂါတွေပါ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။
၅။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှုနှောင့်နှေးစေသလို ဟော်မုန်းမျှခြေလည်း ပျက်ယွင်းသွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေပါ ကမောက်ကမသွားဖြစ်နိုင်ပါတယ်။
၆။ ပျော်ရွှင်ခြင်းဟော်မုန်းတွေ နည်းသွားပြီး အိပ်ရေးပျက်လို့ အနားမရတဲ့ ဦးနှောက်အာရုံကြောစနစ်က စိတ်ဖိစီးမှုဟော်မုန်းတွေကို ပိုမိုထုတ်လွှတ်လိုက်နိုင်ပါတယ်။ ဒီအခါ စိတ်ဖိစီးမှုဒဏ်ကို ပိုခံစားရသလို တခြားပြင်ပကဝင်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေရဲ့ ဒဏ်ကိုလည်း ခံရနိုင်ခြေ ပိုများသွားနိုင်ပါတယ်။
၇။ အပေါ်မှာပြောခဲ့သလိုပဲ၊ ဦးနှောက်က ကောင်းစွာအနားမရတာကြောင့် အာရုံကြောစနစ်တစ်ခုလုံး လုပ်ဆောင်မှုလေးလံလာပြီး တွေးခေါ်မှုဆိုင်ရာ၊ ဆုံးဖြတ်ချက်ချရာ၊ တီထွင်ဖန်တီးနိုင်စွမ်း၊ မှတ်ဉာဏ်တွေ အားလုံး ကျဆင်းလာပြီး နောက်တစ်နေ့ အိပ်ရာနိုးထလာတာနဲ့ ခေါင်းထဲမှာ မူးနောက်နေသလို၊ အိပ်ရေးမဝသလို ခံစားချက်တွေ ရနိုင်ပါတယ်။
ငယ်တုန်းမှာ သိပ်ပြီးမသိပေမဲ့ အိပ်ရေးပျက်တဲ့ဒဏ်တွေကို အသက်ကြီးလာတဲ့အခါ ခံစားလာရမှာဖြစ်သလို၊ အသက် (၃၀) နောက်ပိုင်းမှာ တစ်ရက်လောက် အိပ်ရေးပျက်လိုက်ရင်ကို နောက်တစ်ရက်မှာ ဝေဒနာအပြင်းအထန်ခံစားရပြီး ညောင်းညာကိုက်ခဲနေမှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ့်မှာ Insomnia လိုမျိုး ညအိပ်မပျော်တဲ့ရောဂါ မရှိဘူးဆိုရင် အိပ်ရေးအပျက်မခံတာ အကောင်းဆုံးဖြစ်မှာပါ။ မှတ်ထားသင့်တာတွေကတော့
- ကိုယ့်အိပ်ခန်းပတ်ဝန်းကျင်ဟာ ညဘက်မှာအမှောင်ကျပြီး အေးချမ်းတိတ်ဆိတ်နေဖို့ လိုပါတယ်။
- အိပ်ချိန်နဲ့ အနည်းဆုံး တစ်နာရီလောက်ခြားပြီး ကွန်ပျူတာ၊ ဖုန်းသုံးတာ ရပ်လိုက်ဖို့ လိုပါတယ်။
- ညအိပ်ခါနီးမှာ ရေနွေးနဲ့ချိုးပေးတာ၊ ယောဂကျင့်တာ၊ စာအုပ်ဖတ်တာတွေ လုပ်ပေးလို့ ရပါတယ်။
- စိတ်ဖိစီးမှုတွေ၊ အလုပ်က ပြဿနာတွေကို အိပ်ခန်းထဲကို သယ်မလာပါနဲ့။
- အိပ်ချိန်ကို သေချာသတ်မှတ်ထားပြီး တစ်ရက်ညအိပ်ချိန်ကို (၇) နာရီထက် မနည်းစေဖို့ ဂရုစိုက်ပါ။
- နေ့လယ်ဘက်မှာ တစ်ရေးတမော အိပ်တာကို တတ်နိုင်သလောက် ရှောင်ပါ။
- ညနေဘက် ကဖင်းဓာတ်ပါတဲ့ အအေးတွေ သောက်တာကို ရှောင်ပေးပါ။
ရဲမျိုးမြတ်